၁။ ဆရာရှင့် ကျမအသက်၃၉ နစ်ရှိပါပြီရှင့် ကျမတကိုယ်လုံး အထူးသဖြင်တတောင်ကွေး လက်ဖျံ တင်ပါးပြင်များတွင် ခြင်ကိုက်ဖုကဲ့သို့ အင်ပြင်အဖုအပိက်များ နေ့စဉ်ပေါ်လာပြီး အရမ်းယားယံခြင်းဝေဒနာကို ခံစားနေရပါသည်မှာ တလလောက် ရှိပါပြီရှင့်။ ဗိုက်တွေမနာပါရှင့် အိမ်ထောင်ရှိပြီး ၃နစ်အရအရွယ် ကလေးမိခင်တဦးပါရှင့်။ အိုမီကာ ၃ ဆေး ဆနှူင်းလုံးဆေးမှလွဲ၍ မည်သည့် ဆေးဝါး တားဆေးများ အသုံးစွဲ ခဲ့ပါရှင့် အစားအစာကိုလဲ ပင်လယ်စာများမစားပါဘဲနှင့် ကိုယ်လုံးများတွင် အဖုအပိတ်များ ပေါ်လာချိန်တွင် တနာရီကြာမှ ယားယံပြီး အဖုအပိတ်များကျန်နေ ခဲ့ပါသည်။ ရှေးဦးစွာ နှစ်ရက်ခြား တခါခံစားရပြီး အခု နေ့စဉ် ရက်ဆက်ခံစားနေရပါသည်ရှင့်။ ကျေးဇူးပြု၍ပြန်လည်ဖြေကြားပါ ဆရာရှင့်။ ကျေးဇူးတင်ပါသည်ရှင့်။
http://doctortintswe.blogspot.com/2014/11/hives.html
ကျေးဇူးအထူးတင်ပါတယ် ဆရာရှင့်။ ဆရာ ကျန်းမာချမ်းသာပါစေရှင့် အာလာဂျီအတွက် ketoconazole 200mg ကို တနေ့တလုံးသောက်ရင် ရပါသလားရှင့်
အာလာဂျီအတွက်စာ ပို့ထားပြီး။ ketoconazole ဆေးက ဖန်းဂတ်စ် ခေါ် မှိုအတွက်ဖြစ်။
ဆရာရှင့် ကျေးဇူးပြု၍ သင့်တော် သောက်ဆေးလေးကို ညွန်ကြားပေးပါရှင့် အားကိုးပါသည် ဆရာရှင့်
၂။ ဆရာ မင်္ဂလာပါရှင့် ကျမ အသက် ၂၄ ပါရှင့် ကျမ ဓာတ်မတည့်သော mistine မှ နှုတ်ခမ်းနီကို ဆိုးမိပါသဖြင့် allergic ဖြစ်နေရပါတယ်။ ကျေးဇူးပြု၍ အမြန်ဆုံးပျောက်ကင်းနိုင်မဲ့ဆေးကို ဖြေကြားပေးပါဦးရှင်။ နှုတ်ခမ်းတခုတည်းရောင်ယမ်းပြီး အဖုသေးလေးတေဖြစ်နေတာပါ။ mistine နဲ့မတည့်တာ ကြာပါပြီဆရာ။ ခဏခဏဖြစ်လို့ လုံးဝမသုံးပဲရှောင်ထားတာပါ။ အခု သတိမထားမိပဲပြန်ဆိုးမိလို့ ပြန်ဖြစ်ရတာပါရှင့်။
၃။ ဆရာရှင့် သမီးရိုသေစွာ စာရေးလိုက်ပါတယ်။ အသက်က ၂၇ နှစ်ပါ။ သားဦး ကိုယ်ဝန်လွယ်ထားပါတယ်။ ကိုယ်ဝန်က (၆) လရှိပါပြီ။ ပြီးခဲ့တဲ့ စနေက အိမ်မှာနေရင်း မျက်နှာကို ရွှေသွင်းတာ လုပ်မိပါတယ်။ cream လေးကိုလိမ်းပြီး ခြောက်ရင် ခွာလိုက်ရတာမျိုးပါ။ နောက်နေ့ မနက်ကျ မျက်နှာတခုပဲ ဆေးထိတဲ့နေရာတွေပဲ နီပြီး ယောင်လာပါတယ်။ အရေးပေါ် ဌာနသွားပြတော့ တာဝန်ကျ ဆရာဝန်မှ သက်ဆိုင်ရာ OG ဆရာဝန်ကို ဖုန်းနဲ့ treatment ပေးခိုင်းပါတယ်။ အခု Cetrine 10 mg တမျိုးပဲ သောက်ခိုင်းတယ်။ ရေခဲကပ်ခိုင်းပါတယ်။ Calamine lotion B.P နဲ့သနပ်ခါး ပါးပါးလေးလိမ်း ခိုင်းပါတယ် ဆရာ။ ဖြစ်တာ ၂ ရက်ရှိသွားပြီဆရာ။ အရောင်မကျသေးပါ။ Dexa သောက်လို့ရပါ သလားရှင့်။ လေးစားစွာဖြင့်။
မတည့်အတူနေလို့အရင်က ခေါင်းစဉ်ပေးတယ်။ အခုတော့ မတည့်တဲ့ဧည့်လို့ပြင်ရမလို။ မတည့်တဲ့အရာတွေထဲမှာ အများဆုံးတာကတော့ ဆေးတမျိုးမျိုးနဲ့ မတည့်တာဖြစ်ပါတယ်။ ဆေးဟာ အကောင်းအဆိုး ဒွန်တွဲနေတာမျိုး ဖြစ်ပါတယ်။ ဘယ်ဆေးမှာမဆို ဘေးထွက်ဆိုးကျိုးတွေ အနည်းနဲ့အများရှိကြတယ်။ အဲဒါတွေထဲမှာ အလာဂျီဆိုတာက တခုပါ။
Allergic rhinitis နှာရည်တွေ တယိုယိုဖြစ်နေတာ။ ပန်းနာရောဂါ၊ နှင်းခူနာ၊ မတည့်ခြင်းပေါင်းစုံ (ပန်းနာ + နှင်းခူးနာ + နှာရည်ယို) အတူတွဲ ဖြစ်နေတာ ဆိုပြီးရှိပါတယ်။ သန်း-မှက်-လှေးစတဲ့ အင်းဆက်ကိုက်ခံရတာ၊ ချိတ်သံကောင် ရှိတာ၊ ပန်း-မြက်-သစ်ပင်-ပေါင်းပင်တွေရဲ့ဝတ်မှုံတွေ၊ (ဖန်းဂတ်စ်)၊ ကြောင်၊ ခွေးတွေဟာလည်း အလာဂျီရစေတဲ့အရာတွေပါဘဲ။ အစားအသောက်ကြောင့် ဖြစ်ရတာကို အလာဂျီအမျိုးအစား (၁)လို့ သတ်မှတ်ပါတယ်။ ပင်လယ်စာ၊ နွားနို့၊ ဥ၊ ငါး၊ အစေ့အဆံ၊ အချဉ်သီး၊ ခရမ်းချဉ်သီးတွေပါတယ်။ အသားတွေကသာ အလာဂျီရစေတာ မဟုတ်ဘူး။
မတည့်တာတခုခု ကိုယ်ခန္ဓာထဲဝင်လာရင် လူကနေ သူ့ကို တန်ပြန်နိုင်စွမ်းရှိတဲ့ အင်တီဘော်ဒီဆိုတဲ့ IgE အလိုလို ထွက်လာတယ်။ သူ့လူနဲ့ ကိုယ့်လူ ရန်ဖြစ်-စစ်ခင်း ကြတာကို အလာဂျီလို့ ခေါ်လိုက်တာပါဘဲ။ နှာရည်တွေထွက်၊ ယားယံ၊ မျက်လုံးတွေနီရဲ၊ အရေပြား အဖုအပိန့်ထွက်၊ ဝမ်းပျက်၊ စတာတွေ တခုဖြစ်ဖြစ် အကုန်ဖြစ်ဖြစ် ဖြစ်လာမယ်။
ထပ်မဖြစ်အောင် ဘာကိုမတည့်တာလည်းဆိုတာ သိဘို့လိုတယ်။ အများစုလူနာတွေက ဘာကိုမတည့် ဖြစ်နေတာကို မသိကြပါ။ ဒါ့ကြောင့် ဖြစ်တတ်တဲ့လူတွေ ထပ်ဖြစ်နေရတာပေါ့။ မတည့်ဘူးထင်တာကို သေခြာအောင်၊ အတိအကျ သိအောင်လုပ်တဲ့နည်းကတော့ Desensitization သွေးစမ်းနည်းနဲ့ အရေပြားစမ်းနည်းဆိုပြီး ရှိပါတယ်။ ကရိကထ အတော်များပါတယ်။ ဒီလိုမျိုးလုပ်နိုင်တဲ့ အခွင့်အလမ်းမရှိရင် ကိုယ့်အား ကိုယ်ကိုးရပါလိမ့်မယ်။ ငါ ဘာနဲ့ တကယ်မတည့်တာလဲ စနစ်တကျ ဆန်းစစ်-ရွေးထုတ်-ရှောင်ကျဉ်ပါလေ။ မည်းမည်းမြင်တိုင်းတော့ တစ္ဆေမမှတ်လေနဲ့။ သုံးပုံတပုံလောက်က အစားတမျိုးမျိုး ရှောင်နေကြတယ်လို့ပြောနိုင်ပေမဲ့ တကယ်မတည့်တာကတော့ ၃% လောက်သာ ရှိတယ်လို့ သုတေသန လုပ်တော့ တွေ့ပါတယ်။
ဗမာလူမျိုးပီပီ ခန့်မှန်းတာကို လွယ်လွယ် လုပ်တတ်တယ်။ ဒါကြောင့် ထင်တယ်။ ဒါများလား မသိ။ ဘေးကနေ စေတနာတော့ ရှိတာပေါ့။ ဟိုဟာက မတည့်ဘူးအေ့။ ဒီဟာကို မစားနဲ့ကွ။ ဒီလိုနဲ့ ရှောင်လိုက်ရတာများ စားစရာကို မရှိတော့ဘူး။ အသားကြောင့်ထင်လို့ ဗက်ဂျီလုပ်လိုက်ရတဲ့အဖြစ်က ဒါ့ကြောင့်ပေါ့။ အမှန်က မတည့်တာ တမျိုးထည်းသာ ဖြစ်လေ့ရှိတာပါ။ တမျိုးထဲကမှ တမျိုးကမတည့်တာ။ ခေါင်းရှုတ်မသွားနဲ့။ ဟင်းတခွက် ချက်ရင် အမယ်မျိုးစုံ ထည့်ချက်ရတယ်မဟုတ်လား။ အဲဒီထဲက နံနံပင် ဖြစ်ချင်ဖြစ်မယ်။ ကြက်သွန်နီ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်နဲ့မသင့်တာက တခုခုတည်းဖြစ်မှာပါ။
အသုံးအဆောင်တွေမှာလည်း အဲလိုဘဲ။ ခေါင်းလျှော်ရည်တခုမှာ အမယ်စုံထည့် လုပ်ထားတာကိုး။ မွှေးအောင်လုပ်တဲ့ ဓါတုပစ္စည်းလေးတခုကြောင့် ခေါင်းလျှော်ရည်နဲ့ မတည့်တာဖြစ်စေတယ်။ အလှအပသုံး ပစ္စည်းတွေ၊ နေ့စဉ်သုံး ပစ္စည်းတွေထဲက တမယ်မယ်ကနေ ကိုယ်နဲ့မသင့်တာ ဖြစ်တတ်ပါတယ်။
ဆောင်ရန်ကတော့ အင်တီ-ဟစ်စ်တမင်းဆေးများပါဘဲ။ Allergy ဖြစ်ရင် သွေးဖြူဥတမျိုးဖြစ်တဲ့ Basophil ကနေ Histamine ထုတ်ပေးတယ်။ ဒါကို ဆန့်ကျင်တဲ့ဆေးပေါ့။ ဘာမီတွန်လိုဆေးတွေကို လူတိုင်းလောက် သိနေကြပြီ။ အရေးပေါ်လိုရင် ထိုးဘို့ ထိုးဆေး၊ လိမ်းဆေး၊ ရှူဆေးနဲ့ မျက်စဉ်းတောင်ရှိပါတယ်။ အင်တီ-ဟစ်စ်တမင်းတွေဟာ အိပ်ချင်၊ ခေါင်းကိုက်၊ မျက်စိမြင်ဝေဝါး၊ ဝမ်းချုပ်၊ အာခြောက်၊ ခေါင်းမူး၊ ဆီးသွားရခက်၊ ခေါင်းမကြည်မလင် ဖြစ်တတ်တဲ့ ဘေးထွက် မကောင်းကျိုးတွေ ရှိပါတယ်။ ခုခေတ်မှာတော့ အိပ်ချင်စေခြင်း မရှိတဲ့ ဒုတိယ၊ တတိယမျိုးဆက်ဆိုတာတွေ ပေါ်လာပါပြီ။ နောက်မျိုးဆက်တွေက တယ်တော်ကြတာကိုး။
Alimemazine, Chlorphenamine, Clemastine, Cyproheptadine, Hydroxyzine, Promethazine ဆိုတာတွေ ဖြစ်နေရင် သိပ်အကောင်း မဟုတ်သေးဘူး။ အိပ်ချင်တယ်။ အလုပ်လုပ်စရာမရှိအောင် ကံကောင်းသူများ ဆိုရင်တော့ အံကိုက်ဘဲ။ Acrivastine, Cetirizine, Desloratadine Loratadine, Mizolastine တွေကတော့ အိပ်ချင်စေခြင်းမရှိတဲ့ ဒုတိယ မျိုးဆက်မို့ ပိုကောင်းတယ်။
Cetirizine ကို ဆောင်ထားပါ။ စားဆေး၊ သောက်ဆေး။ 5 mg, 10 mg ဆိုပြီးလာတယ်။ အသက် ၆ နှစ်အထက်ဆိုရင် တနေ့ တပြား။ အစာနဲ့နီးမှ ဝေးမှ ဆိုတာ မရှိဘူး။ ရောဂါပြင်းရင်တော့ ပိုသောက်ရမယ်ပေါ့။ တနေ့ကို နှစ်ခါ ခွဲသောက် ရတယ်။ အသက်ငယ်ရင် ကိုယ်အလေးချိန်အလိုက် လျှော့သောက်ရမယ်။ ဆေးဆိုတာ ကိုယ်အလေးအချိန်နဲ့ ပေးရတာ။ ဇာတာသက်ကြည့်ပေးတာ မဟုတ်ပါ။
ပုရွက်ဆိတ်ကိုက်ရင်၊ ခြင်ကိုက်ရင် လိမ်းဘို့ အင်တီ-ဟစ်တမင်းပါတဲ့လိမ်းဆေးလည်း သုံးနိုင်သလို၊ Lidocaine 2% ထုံဆေးပါတဲ့ Spray နဲ့ Cream နှစ်မျိုး အတူတူဘဲ။ Calamine Lotion က ချက်ချင်းဆိုသလို ယူပစ်သလို၊ အနာ-အယား သက်သာသွားမယ်။
အလှအပသုံး ကော့စ်မက်တတွေကို ရှောင်နိုင်သမျှ ရှောင်ပါ။ သဘာဝပစ္စည်းတွေဖြစ်တဲ့ သနပ်ခါး၊ နံ့သာဖြူ၊ နံ့သာနီ၊ ကရမက်ထက် မက်စရာ မရှိပါ။ အသစ်တွေ ဘယ်လို ဆန်းဆန်း၊ အကောင်းစားလို့ ဘယ်လိုကြွားကြွား၊ သဘာဝ၊ ရိုးရာ၊ ထုံးစံမဟုတ်တာ မှန်သမျှ မေးခွန်းထုတ်ခံနေကြရပါပြီ။
မိဘမျိုးရိုး လိုက်တတ်တယ်။ ဒါ့ကြောင့် အမေ-အဖေကို ရွေးပြီးမှ အမျိုးတော်ကြပေတော့။ ငယ်တုံးက မတည့်ပေမဲ့ လာတော့ ရှောင်စရာ မလိုတော့တာလည်း ဖြစ်တတ်တယ်။ လူများ ဒီနေရာမှာ ကံကောင်းတယ်နော်။ စက်ရုံတွေ ပေါတဲ့နေရာ၊ လူတွေရှုတ်တဲ့ မြို့တွေမှာ ပိုဖြစ်တတ်တယ်။ တောသူ-တောင်သားတွေက ဒီတချက်မှာ စားတယ်။ ယောက်ျားလေးများက မိန်းကလေးတွေထက် အဖြစ်များသတဲ့။ အမျိုးသမီးများ ဂုဏ်ယူကြပါလေ။ ဒါပေမဲ့ အလာဂျီ အကြောင်းမေးတာက အမျိုးသမီးတွေချည်း ဖြစ်နေတာမို့ မြန်မာ အမျိုးသမီးတွေ သုတေသနလုပ်တဲ့အထဲ ပါသွားကြပုံမရဘူး။ ယားယံတာကိုဖြစ်စေတဲ့ အကြောင်းရင်ကို ရှာနိုင်-ရှောင်နိုင်ရင် ပျောက်မှာပါ။
1. Allergic rhinitis အလာဂျီ နှာခေါင်း http://dts-medicaleducation.blogspot.com/2010/08/allergic-rhinitis.html
2. Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
3. Allergy - Urticaria - Hives အင်ပြင် ထွက်ခြင်း
4. Allergy and Worm နာတာရှည် (အလာဂျီ) နှင့် သန်ကောင် http://dts-medicaleducation.blogspot.com/2010/09/chronic-allergies.html
5. Allergy drug may have potential against Hep C
6. Allergy Medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ http://dts-medicaleducation.blogspot.com/2011/05/allergy-medications.html
7. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ် http://dts-medicaleducation.blogspot.in/2012/04/allergy-relief-kit.html
8. Allergy testing (အလာဂျီ) စစ်ဆေးခြင်း
9. Allergy to Eczema မတည့်တာနဲ့ နှင်းကူနာ
10. Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး http://doctortintswe.blogspot.com/2014/10/allergy-triggers.html
11. Allergy Relief Kit (အလာဂျီ) ရှေးဦးသူနာပြု ဆေးအိတ်
12. Allergy သို့မဟုတ် မတည့်အတူနေ http://dts-medicaleducation.blogspot.com/2010/05/allergy.html
13. Asthma and allergy devices not used properly
14. Mango Skin Allergy သရက်သီးခွံ အလာဂျီ
Dr. တင့်ဆွေ