မတ်တတ်ရပ် ကနေပြီ ပြားပြားဝပ်ပြီ ရှိခိုးတဲ့ နိုင်ငံက ဘာနိုင်ငံပါလဲခင်ဗျာ။
မေးခွန်းပါသတ်ပုံတချို့ကို ပြင်လိုက်တယ်။ ဘူတန်အကြောင်းကနေ၊ လာအို၊ ဆက်ပြီး တိဘက်ရေးရပါမယ်။ ဟုတ်တယ်။ တိဘက်တွေ ဘုရားဝတ်ပြုတဲ့အခါ မတ်တတ်စုံရပ်၊ရင်ပတ်ရှေ့မှာလက်အုပ်ချီပြီး ရှေ့ကြမ်းပြင် မြေပြင် အခင်းပေါ်မှာ ဝပ်ချရတယ်။ လက်ကိုဆန့်တန်းပြီး ဘုရားဘက်ဆီထားရတယ်။
စိတ်က ဘုရားတရားကို အာရုံပြုရ ရွတ်ဆိုရတယ်။ တချို့က မဟာယာနဆိုတာနဲ့ အပြစ်သာပြောကြတယ်။ ကျွန်တော်က သဘေမတူပါ။
နှစ်စဉ် ဇူလိုင်လ (၆) ရက်မှာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်လားမားရဲ့ မွေးနေ့နဲ့ ကမ္ဘာ္ဘ္ဘ္ဘ့တိဘက်နေ့လို့ ကျင်းပကြတယ်။ တိဘက်လူမျိုးတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲက ၁၉၅၉ မှာ တရုပ်နိုင်ငံကနေ စစ်အင်အားသုံးပြီး မတရား သိမ်းပိုက်ခဲ့ချိန်က စတင်ခဲ့တာပါ။ ပြည်ပနိုင်ငံရေးလှုပ်ရှားမှုတွေ အဲဒီကတည်းက အခုထိကြိုးပမ်းနေပါတယ်။ သူတို့နောက်မှ ကျွန်တော်တို့တတွေက ၁၉၈၈ အရေးအခင်းကြီးအပြီးမှာ ပြည်ပကိုထွက်ကြရပြီး ပြည်ပနိုင်ငံရေးလှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပါတယ်။ ကနေ့အထိ။
တိဘက်လှုပ်ရှားမှုဟာ အိန္ဒိယမှာ ဗဟိုပြုပါတယ်။ တိဘက်အဝေးရောက်အစိုးရလဲ အိန္ဒိယနိုင်ငံ၊ အရူနာချာ ပရာဒက်ရှ် ပြည်နယ်၊ ဒါရမ်ဆလာမြို့မှာ ထားရှိပါတယ်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု (ပြည်ပ) ကို ထိုင်း-မြန်မာ နယ်စပ်မှာ ဗဟိုပြုပါတယ်။ အိန္ဒိယမှာဆောင်ရွက်ကြတာက ဒုတိယလိုက်ပါတယ်။ အနှစ် ၂ဝ ကျော်ကာလအတွင်းမှာ တိဘက် လှုပ်ရှားမှုနဲ့အတူ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု အတူတွဲနိုင်တာတွေ အများကြီးရှိပါတယ်။ တိဘက်တွေရဲ့တိုက်ပွဲနဲ့ မြန်မာတွေရဲ့တိုက်ပွဲမှာ တူတာတွေလဲရှိသလို၊ ကွဲပြားတာတွေလဲ ရှိတယ်။
ဒလိုင်လားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ငြိမ်းချမ်းရေးနိုဗယ်ဆု ရကြတာမှာလဲ တူတယ်။ နိုင်ငံတကာအထိ တင်ရှားတာလည်းတူတယ်။ သက်ဆိုင်ရာလူထုက အားထားယုံကြည်ရာမှာလည်း တူကြတယ်။ သူတို့အချင်ချင်းလဲ ရင်းနှီးကျွမ်းဝင်ကြပါသေးတယ်။ တိဘက် အဝေးရောက်အစိုးရနဲ့ မြန်မာအဝေးရောက် ညွန့်ပေါင်းအစိုးရ လက်တွဲခဲ့နိုင်တာတွေရှိပါတယ်။ တိဘက်လူငယ်အဖွဲ့အစည်းနဲ့ မြန်မာကျောင်းသား အဖွဲ့အစည်းတွေ အတူတူ လုပ်နိုင်ခဲ့တာတွေရှိခဲ့တယ်။ တိဘက်အမျိုးသမီးအဖွဲ့လဲ မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေ လက်တွဲနိုင်တာတွေ ရှိတယ်။ နယူးဒေလီအခြေစိုက် ဘုန်းတော်ကြီး ဒလိုင်လားမားဗျူရိုရုံးနဲ့ ကျွန်တော့်ရုံးတို့ဟာ အမြဲဆက်သွယ်မှု ရှိခဲ့ပါတယ်။
တိဘက်တွေမှာ လေးစားရာတွေအများကြီးရှိတယ်။ စနစ်တကျထူထောင်ထားနိုင်တယ်။ စည်းလုံးညီညွတ်မှု ကောင်းတယ်။ နေထိုင်ရာအရပ်ဒေသတွေမှာ အံဝင်ဂွင်ကျဖြစ်အောင် နေနိုင်ကြတယ်။ ဥပမာ ဟင်ဒီစကားကို အိန္ဒိယမှာနေကြတဲ့ တိဘက်တွေ အားလုံးကပြောနိုင်ကြပေမဲ့ ကျွန်တော်တို့အထဲမှာ နည်းနည်းကသာ ပြောနိုင်ကြတယ်။ အလုပ်အကိုင် လုပ်နိုင်တာ အတော်ကွာခြားတယ်။
တိဘက်လှုပ်ရှားမှုနဲ့ ကျွန်တော်တို့အကြား ဗျူဟာအရ ခွဲလုပ်ကြရတာတွေရှိတယ်။ တရုပ်နဲ့ပတ်သက်ရင် သတိထားပြီး တွဲသင့်တာတွဲပြီး၊ ခွါသင့်တာကိုခွါကြဘို့ နားလည်မှုထားကြပါတယ်။ တိဘက်တွေက ကျွန်တော်တို့ထက်စောပြီး ပြည်ပတိုက်ပွဲစခဲ့ပေမဲ့ ကျွန်တော်တို့လို ပြည်တွင်းမဝင်နိုင်ကြသေးပါ။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီအဆင့်အတွက် ဂုဏ်ယူစရာလို့မမြင်ပါ။ တိဘက်အတွက် ရင်ဆိုင်ရတာက တရုပ်နိုင်ငံတခုတည်းသာဖြစ်ပေမဲ့ ကျွန်တော်တို့အတွက် ရင်ဆိုင်စရာတွေက တရုပ်တခုတည်းမဟုတ်ခဲ့ပါ။
ကျွန်တော် အိန္ဒိယမှာနေခဲ့စဉ်က တိဘက် အဝေးရောက်ပါလီမာန်ကနေဖိတ်ကြားလို့ ၂ဝ၁၂ ခုနှစ် စက်တင်္ဘာလ ၁၇-၁၈ ရက်နေ့မှာ ဒါရမ်ဆလာကို သွားရောက်လည်ပတ်ခဲ့စဉ်က တိဘက်ဝန်ကြီးချုပ် လောဘ်ဆန်း ဆန်ဂေးနဲ့လည်း တွေ့ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည့် အသက် (၆ဝ) ပြည့်မွေးနေ့ကို နယူးဒေလီမှာကျင်းပခဲ့ပါတယ်။ တိဘက်အဝေးရောက်လွှတ်တော် ဥက္ကဋ္ဌ၊ တိဘက်အဆင့်မြင်တက္ကသိုလ် ဒုအဓိပတိ၊ ဆမ်ဒေါင် ရင်ပိုချေး တက်ရောက်ပြီး အမှတ်တရပစ္စည်းပေးအပ်ပါတယ်။ ပိုးသားနဲ့ ယက်လုပ်ထားတဲ့ ဘုရားပုံတော်တခုလည်းပါတယ်။ ဒေလီက ကျွန်တော့် ရုံးခန်းမှာချိတ်ဆွဲထားခဲ့ပါတယ်။ သူက နောင်မှာ တိဘက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
ဒလိုင်လားမားနဲ့ ၃-၄ ကြိမ်ဆုံဖြစ်ခဲ့တယ်။ နာဂစ်ဖြစ်တုန်းကတော့ သူနဲ့သီးသန့်တွေ့ရတယ်။ ကျွန်ကနေတဆင့် ရူးပီး ၅ သိန်းလှူတယ်။ ပြည်တွင်းက အသိဘုန်းကြီး ၅ ပါးဆီကို တသိန်းစီ လှမ်းပို့ပြီး ဒဏ်ခံရသူတွေဆီ အရောက်ပို့နိုင်ခဲ့တယ်။ ဒုက္ခရောက်နေသူတွေက လူကြီးကို လက်အုပ်ချီရှိခိုးနေကြရချိန်မှာပေါ့။
တိဘက်တွေနဲ့ အတူ ၂၄ နှစ်နေခဲ့ရတာကို မမေ့ပါ။ တခြားနိုင်ငံကလူတွေနဲ့ကတော့ အမြဲတမ်းမိတ်ဆွေမရှိ၊ အမြဲတမ်း ရန်သူမရှိဆိုတဲ့ နိုင်ငံတကာဆက်ဆံရေး အဆုံးအမနဲ့သာ စခန်းသွားရတာ။ တိဘက်တွေကတော့ ကိုယ့်ဆွေမျိုး သားချင်း အချင်းချင်းဆက်ဆံရသလိုပဲ။ နောက်ကျောလုံတယ်။ ရင်ထဲနွေးထွေးတယ်။
တိဘက်လူမျိုးတွေရဲ့ မှန်ကန်တဲ့ ကြိုးပမ်းမှုတွေ အောင်မြင်ပါစေ။
ဒေါက်တာတင့်ဆွေ