Quantcast
Channel: Medical Writings ဆေးပညာစာများ
Viewing all articles
Browse latest Browse all 656

BCG Scar ပခုံးဖေါ်အင်္ကျီ

$
0
0
တနေ့က တူမတယောက်က ပခုံးပေါ်အင်္ကျီဝတ်ထားတဲ့ပုံတင်လို့ ရီစရာပြောလိုက်တယ်။ တခြားသူတွေဝတ်ကြတာလည်း နေ့တိုင်းတွေ့ပါတယ်။ ဆရာဝန်ဖြစ်တော့ ရောဂါတွေ ဆေးတွေသာ မြင်တယ်။ ဘီစီဂျီ ခေါ် တီဘီကာကွယ်ဆေးကို သတိရတယ်။

BCG တီဘီကာကွယ်ဆေးကို Deltoid ကြွက်သား ခေါ် ဘယ်ဘက်လက်မောင်းအိုးနေရာမှာထိုးတယ်။ ကာကွယ်ဆေး ထိုးထားပြီး မပြီး အဲဒီနေရာကိုကြည့်ရလို့ ကျွန်တော်က ပခုံးမြင်ရင် အမာရွတ်လိုက်ရှာမိတယ်။

ကျွန်တော့်သမီး မွေးတာက မြို့သာမှာ။ ကာကွယ်ဆေးကမရှိလို့ မန္တလေးဆေးရုံကြီးသွားပြီး ဘီစီဂျီကာကွယ်ဆေး ထိုးရတယ်။ သူနာပြုဆရာမတွေက ဆရာပဲထိုးပါဆိုတာနဲ့ ကျွန်တော်ကပဲ ကိုယ့်သမီးကို ကာကွယ်ဆေးထိုးပေးတာ အမှတ်ရနေတယ်။

ဒီကာကွယ်ဆေးထိုးနည်းက ထူးခြားတယ်။ အရေပြားထဲထိုးရတယ်။ အရေပြားအောက် ဆေးရောက်သွားရင် BCG-oma ခေါ် အကျိတ်အနာဖြစ်လာမယ်။ ဒီလိုဖြစ်လို့ ဆေးထိုးပေးတဲ့ဆရာမကို အပြစ်မမြင်ပါနဲ့ ဆေးရဲ့သဘောကိုက ဖြစ်စေနိုင်သေးတယ်။ အမာရွတ်ကျန်နေရစ်မယ်။ BCG osteomyelitis or osteitis ဆိုတာမျိုးလဲ နောက်ဆက်တွဲ ရှားရှားပါးပါး ဖြစ်တတ်တယ်။ အဆီထဲ ဆေးဝင်သွားရင် သက်ဆိုင်ရာ တက်စေ့တွေဆီ ရောက်မယ်။ အနာဖြစ်လာရင် ဆေးပလာစတာကပ်ထားသင့်တယ်။ ပြည်ဖေါက်တာ လိုနိုင်တယ်။ ပိုးသေဆေး မလိုတတ်ပါ။

မွေးကာစကလေးကို 0.05 ml ထိုးရတယ်။ တနှစ်ကျော်ကလေးကို 0.10 ml ထိုးတယ်။ Insulin syringe ဆီးချိုဆေး အင်စူလင်ထိုးတဲ့ပိုက်နဲ့သုံးရင် အမှတ်အသား ၄ဝ အထိပါတာကြည့်ပါ။ အစိတ်ကလေး ၂ စိတ်ဆိုရင် 0.05 ml ရှိတယ်။ 1 ml syringe ဆိုရင် 0.05 ml ကလေး ၂ဝ စာဖြစ်လို့ ၂ဝ ပုံ ၁ ပုံ တိတိကျကျ ဆေးစုပ်ပါ။ လက်တွေ့မှာ သတိထားဘို့က ထိုးဆေးတွေကို ဆေးထိုးပိုက်ထဲစုပ်ပြီး လူနာကိုမထိုးခင် အပ်ထဲမှာ ကျန်နေနိုင်တဲ့လေကို ပန်းထုတ်လေ့ရှိကြတော့ ဒီကာကွယ်ဆေးကိုလဲ အဲလိုလုပ်ရင် အရေပြားထဲနည်းမသွားစေအောင် သတိထားရမယ်။

ဘယ်ဘက်လက်မောင်အိုးမှာထိုးတယ်။ ထိုးမဲ့နေရာကို ပိုးသတ်ဆေးသုတ်စရာမလိုပါ။ အရေပြားကို လက်မနဲ့ လက်ညှိုး သုံးပြီး ဆွဲတင်းလိုက်ပါ။ ဆေးတယောက်စာအတွက် စုပ်ထားပြီးသား ဆေးထိုးပိုက်နဲ့ အပ်ကို ကလေးအရေပြားနဲ့ မျဉ်းပြိုင်ထားပါ။ အပ်မျက်နှာပြင်ကို အထက်မှာရှိပါစေ။ အပ်ကို ၂ မီလီမီတာအထိ အရေပြားထဲသွင်းပါ။ ဆေးကို ဖြည်းဖြည်းချင်း ထိုးသွင်းပါ။ ခုခံအားရှိနေတာသိမယ်။ ဆေးဝင်တဲ့နေရာမှာ ခပ်ဖွေးဖွေး အဝိုင်းကွက်လေးပေါ်လာမယ်။ ဆေးသွင်းရတာသိပ်လွယ်နေတာဆိုရင် အပ်အဖျားက အောက်ထဲရောက်နေလို့။ အပ်ကိုနည်းနည်းပြန်ထုတ်ပြီးထိုးပါ။ ဆေးကုန်ပြီဆိုရင် ၁ဝ-၁၅ မိနစ်နေရင် ဖေါင်းနေတာလေး ပျောက်သွားမယ်။ ဖေါင်းနေတာမမြင်ရလဲ ဆေးထပ်မထိုးပါနဲ့။ ကာကွယ်ဆေးထိုးမှတ်တမ်းရေးမှတ်ပါ။

ဆေးထိုးတဲ့နေရာမှာ အနာလိုဖြစ်လာတာဟာ ကွက်ကွက်ကလေး တီဘီရောဂါရသလိုဖြစ်တာပါ။ ဆေးထိုးတဲ့နေရာမှာ နာမယ်။ ကိုယ်နည်းနည်းပူနိုင်တယ်။ ပါရာစီတမော အရည်ကို ကိုယ်အလေးချိန်နဲ့တွက်ပြီး တခါနှစ်ခါတိုက်တာနဲ့ ရတယ်။ ၃ လအောက်ကလေးဆိုရင် 10mg/kg နဲ့ အသားဝါနေရင် 5mg/kg ပေးရတယ်။

အမာရွတ်ကျန်နေတာဟာ ဆေးအောင်တယ်လို့ ပြောနိုင်တယ်။ ကလေးဟာ ရောဂါပြီးနေပြီ။ အမာရွတ်သဘောက လူတယောက်နဲ့တယောက် မတူပါ။ တချို့က ဆိုးတယ်။ Keloids ခေါ် အသီးလိုမျိုးဖြစ်တတ်တယ်။

ကာကွယ်ဆေးတချို့က အမာရွတ်ကျန်ရစ်တာ အဆိုးဆုံးက ကျောက်ကြီးရောဂါကာကွယ်ဆေး။ ခုခေတ်မှာတော့ မထိုးတော့ပါ။ ကမ္ဘာမှာ ၁၉၈ဝ ခုနှစ်ကတည်းက ကျောက်ကြီးရောဂါ ပပျောက်သွားပါပြီ။ အရင်ကတော့ မြန်မာပြည်မှာ ကျောက်ထိုးဆရာတွေခန့်ပြီး ကျောက်ရောဂါကာကွယ်ဆေးထိုးပေးတယ်။ တချို့က လက်ဖျံမှာ ထိုးတယ်။ အများဆုံးက လက်မောင်းမှာ ၂ ချက်ထိုးပေးတယ်။ လူတိုင်းကိုယ်စီ အမာရွတ်တစုံရှိကြတယ်။

အမာရွတ်ကြောင့်အလှပျက်မှာစိုးသူတွေရှိတယ်။ သူများနိုင်ငံတွေမှာ ရေကူးဝတ်စုံ ဘီကီနီဝတ်ရင် အမာရွတ် မမြင်တဲ့နေရာမှာ ကာကွယ်ဆေးထိုးပေးရသတဲ့။ မြန်မာပြည်ကလည်း ခေတ်မီပါတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၈


Viewing all articles
Browse latest Browse all 656

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...